လူပြောများနေတဲ့ အမွှေးရနံ့ကုထုံး (Aromatherapy) အကြောင်း
အမွှေးရနံ့ကုထုံးဆိုတာ သဘာဝအပင်တွေကနေ ရတဲ့ အဆီအနှစ်၊ အမွှေးရနံ့တွေကို အသုံးပြုပြီး ကိုယ်ခန္ဓာနဲ့ စိတ်ကျန်းမာရေးကောင်းစေဖို့၊ ညဘက်မှာ ကောင်းစွာအိပ်ပျော်နိုင်စေဖို့ ကူညီပေးတဲ့ သဘာဝကုထုံးတစ်မျိုးပါပဲ။ အမွှေးရနံ့ကုထုံးချင်း တူရင်တောင် တစ်ယောက်နဲ့တစ်ယောက် အသုံးပြုပုံချင်းတော့ မတူညီနိုင်ပါဘူး။ အသုံးများတဲ့ပုံစံတွေထဲက ဥပမာအားဖြင့် ပြောရမယ်ဆိုရင် -
- အမွှေးရနံ့စပရေးတွေကို ကိုယ့်ရဲ့အိပ်ခန်း၊ ဧည့်ခန်းမှာ ဖျန်းတာ
- အမွှေးရနံ့ပုလင်းတွေကို အဖုံးဟပြီး အနားမှာထားတာ၊ ဒါမှမဟုတ် နှာခေါင်းနဲ့ တိုက်ရိုက်ရှူသွင်းတာ
- အမွှေးရနံ့ပါတဲ့ Scrub Salt တွေနဲ့ ရေချိုးသန့်စင်တာ
- Bathtub ထဲ အမွှေးရနံ့ဆီထည့်ပြီး ရေစိမ်ချိုးတာ
- မျက်နှာအတွက် အမွှေးရနံ့ဆီထည့်ထားတဲ့ စပရေးဖျန်းတာ
- ရေနွေးအိတ်၊ ရေခဲအိတ်ကပ်နဲ့ ကပ်ပေးတာ
- နှာခေါင်းဝမှာ ဆီနည်းနည်းတို့ပြီး အိပ်တာမျိုးတွေ လုပ်တတ်ကြပါတယ်။
ဒီလိုမျိုးအမွှေးရနံ့ကုထုံးမှာ အသုံးပြုကြတဲ့အမွှေးဆီကို Essential Oil (သဘာဝအဆီ) လို့လည်း ခေါ်ကြပါတယ်။ သူ့ကို အပင်တစ်ပင်ရဲ့ ပန်းပွင့်၊ ပွင့်ဖတ်၊ မျိုးစေ့၊ အမြစ်၊ ဆေးရွက်စတာတွေကနေ ထုတ်ယူတာဖြစ်ပြီး ဒီလိုသဘာဝအဆီနည်းနည်းရဖို့ အပင်ရင်းမြစ်တွေအများကြီးကို အသုံးပြုရပါတယ်။
ဒီလို သဘာဝအဆီထုတ်ယူတဲ့အခါ အပင်ရဲ့သဘာဝအာနိသင်ကို ပျောက်ပျက်မသွားစေဖို့ ဓာတုဗေဒပစ္စည်းတွေ၊ နည်းလမ်းတွေကိုတော့ လုံးဝအသုံးပြုလို့မရသလို တခြားအမွှေးနံ့သာနဲ့လည်း ရောလိုက်လို့ မရပါဘူး။ Essential Oil တွေထဲမှာ လာဗင်ဒါ၊ ချာမိုမိုင်းလ်၊ သံပရို၊ ယင်းသစ်သားအနံ့တွေက အသုံးပိုများပါတယ်။
ဘာအကျိုးထူးရှိလဲ?
ဒီကုထုံးရဲ့ အလုပ်လုပ်တဲ့ပုံစံက နှာခေါင်းထဲက အနံ့ခံနိုင်တဲ့ အစိတ်အပိုင်းတွေကနေ ဒီအနံ့တွေကို ရှူရှိုက်လိုက်ပြီး အာရုံကြောစနစ်ကနေတစ်ဆင့် ဦးနှောက်ထဲကို Signal ပို့ဆောင်ပေးပါတယ်။ အဲဒီနောက်မှာ အဆီရနံ့တွေက ဦးနှောက်ရဲ့ တချို့သော အစိတ်အပိုင်းတွေကို နှိုးဆွပေးပြီး စိတ်ခံစားချက်တွေကို ပြေလျော့စေကာ လူကို သက်သောင့်သက်သာဖြစ်စေတယ်။
ဒီအခါမှာ ဦးနှောက်ကနေ ဆီရိုတိုနင်လို့ခေါ်တဲ့ ပျော်ရွှင်ခြင်းဟော်မုန်းတွေကိုလည်း ပိုမိုထုတ်လုပ်ပေးပါတယ်။ တချို့တွေအတွက်တော့ အမွှေးရနံ့ကုထုံးဟာ အသုံးမဝင်ဘူးလို့ ဆိုကြတာမျိုးတွေလည်း ရှိပေမယ့် လူအများစုအတွက်တော့ အမှန်တကယ် အကျိုးအာနိသင်ကို ဖြစ်စေပါတယ်။
အမွှေးရနံ့ကုထုံးရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကို ကြည့်မယ်ဆိုရင်
၁။ စိတ်ဖိစီးမှုကို လျော့ကျစေပြီး နောက်ဆက်တွဲအနေနဲ့ မြန်နေတဲ့နှလုံးခုန်နှုန်းကို ပုံမှန်အတိုင်း ထိန်းပေးတယ်။ သွေးပေါင်ကိုလည်း ကျစေပါတယ်။
၂။ အလုပ်အရမ်းလုပ်နေရတဲ့ ဦးနှောက်အာရုံကြောစနစ်ကို ခဏအနားပေးလိုက်သလိုဖြစ်ပြီး စိတ်နဲ့ခန္ဓာမှာ သက်သောင့်သက်သာဖြစ်လာတယ်။
၃။ တင်းမာနေတဲ့ ကြွက်သားတွေကို ပြေလျော့စေလို့ ညဘက်အိပ်မပျော်သူတွေဆိုရင် ညအိပ်ကာနီး တစ်နာရီလောက်အလိုမှာ အသုံးပြုခြင်းဖြင့် ကောင်းစွာအိပ်ပျော်နိုင်အောင် ကူညီပေးတယ်။
၄။ စိတ်ထဲမှာဖြစ်နေတဲ့ စိုးရိမ်ပူပန်လွန်ကဲမှုတွေ၊ အတွေးလွန်နေတာတွေကို ခဏပြေပျောက်စေတယ်။
၅။ လူကို လန်းလန်းဆန်းဆန်းဖြစ်စေပြီး မောပန်းနွမ်းနယ်နေတဲ့ ခံစားချက်ကိုလည်း လျော့ပါးစေတယ်။
၆။ အာရုံစူးစိုက်နိုင်စွမ်းနဲ့ မှတ်ဉာဏ်ကို ပိုကောင်းလာစေတယ်။
၇။ ခန္ဓာကိုယ်မှာဖြစ်ပေါ်နေတဲ့ နာကျင်ကိုက်ခဲမှုဝေဒနာကို သက်သာစေတယ်။
၈။ စားလိုက်တဲ့အစာတွေ ကောင်းစွာချေဖျက်နိုင်စေဖို့ ကူညီပေးတယ်။
၉။ ခန္ဓာကိုယ်ထဲက ဟော်မုန်းမျှခြေတွေကို ထိန်းညှိပေးပြီး ပျော်ရွှင်ခြင်းဟော်မုန်းတွေကို ပိုမိုထွက်ရှိစေတယ်။
၁၀။ ကိုယ်ခံအားစနစ်ကို ပိုကောင်းလာစေတယ်။
အသုံးပြုတဲ့ပုံစံပေါ် မူတည်ပြီး
- မျက်နှာကို ဖျန်းတဲ့အခါ၊ အခန်းထဲက Humidifier - လေထုအစိုဓာတ်ထိန်းစက်မှာ အမွှေးဆီထည့်ထားရင် မျက်နှာအသားအရေကို စိုစိုပြေပြေဖြစ်စေပြီး အသားခြောက်ခြင်း၊ အသားပပ်ခြင်းမှ ကာကွယ်ပေးတယ်။
- အမွှေးရနံ့ဆီကို ရေထဲထည့်ပြီးစိမ်တဲ့အခါ စိတ်ကိုသာမက ကြွက်သားတွေကိုပါ ပြေလျော့စေပြီး သွေးလည်ပတ်မှုစနစ်ကို ပိုမိုအားကောင်းစေတယ်။
- လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ အမွှေးရနံ့ဆီရှူရှိုက်တာ၊ ရေချိုးပေးတာမျိုးလုပ်ရင်တော့ ကြွက်သားနာကျင်ကိုက်ခဲမှုကို သက်သာစေပြီး ကုန်ခမ်းသွားတဲ့အားအင်တချို့ကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။
- အရေပြားပေါ် လိမ်းပြီး နှိပ်ပေးခြင်းဖြင့် အပေါ်မှာပြောခဲ့တဲ့ အကျိုးထူးတွေအပြင် ကိုယ့်ကိုနှိပ်ပေးနေတဲ့ချစ်သူအပေါ် ပိုမိုသံယောဇဉ်ဖြစ်လာစေနိုင်ပါတယ်။
ယုံကြည်ခြင်း၊ မယုံကြည်ခြင်းဟာ ကိုယ့်ရဲ့ရွေးချယ်မှုဆိုပေမယ့် အမွှေးရနံ့ကုထုံးဆိုတာ ဆိုးကျိုးသိပ်မရှိဘဲ အလွယ်လုပ်လို့ရတဲ့ ကုထုံးဖြစ်တာကြောင့် စမ်းသုံးကြည့်သင့်တယ်လို့တော့ အကြံပေးချင်ပါတယ်။
ရဲမျိုးမြတ်